Makkhaligosāla
makkhaligosāla:မက္ခလိဂေါသာလ(ပု)
[မက္ခလိ+ဂေါသာလ]
မက္ခလိဂေါသာလ ဆရာကြီး။ (မက္ခလိသည် ရှင်တော်ဂေါတမနှင့် ခေတ်ပြိုင်ဆန့်ကျင်ဘက်ဖြစ်သည့် ပူရဏကဿပစသော တိတ္ထိဆရာကြီး ၆-ဦးတို့တွင် တစ်ဦးအပါအဝင်ဖြစ်သည်။ သူသည် ရွံ့ညွန်ရှိရာမြေပေါ်၌ ဆီအိုးကို ယူသွားခိုက် သခင်က "ချစ်သား မချော်လဲစေနှင့်"ဟု ကြိုတင်သတိပေးပါလျက် ချော်လဲခဲ့ရာ သခင်ကို ကြောက်ရွံ့၍ ထွက်ပြေးမည့်ဟန်ပြင်စဉ် သခင်က အနီးသို့ပြေးသွားပြီး ပုဆိုးစွန်းကို ဆွဲကိုင်လိုက်လေသည်။ သူသည် ပုဆိုးချွတ်ထားခဲ့၍ ကိုယ်တုံးလုံးနှင့်ထွက်ပြေးသွားပြီးနောက် အဝတ်မဝတ်ဘဲ နေလေသည်။ ယင်းသို့နေသဖြင့် လူအများက အလိုနည်းသူ ရဟန္တာဟု ထင်မှတ်ကာ ကြည်ညိုကိုးကွယ် ဆည်းကပ်ကြကုန်၏။ ထိုအခါမှစ၍ နောက်လိုက်တပည့်သာဝကများ တဖြည်းဖြည်း တိုးပွါးလာရာ ၅-ရာအထိ ရှိလာသည့်အတွက် အစေလကတိတ္ထိယဆရာကြီးအဖြစ်သို့ ရောက်ရှိသွားလေသည်။ "မာခလိ- မချော်လဲစေနှင့်"ဟူသော စကားကို အစွဲပြု၍ "မက္ခလိ"ဟူသောအမည်ကို ပဌမရရှိသည်။ ဂေါသာလရွာသားဖြစ်သောကြောင့် တစ်နည်း နွားခြံ၌ မွေးဖွားသောကြောင့် "ဂေါသာလ"ဟူသော ဒုတိယအမည်ကို ထပ်ဆင့်ရရှိသည်။ ဒီ၊ ဋ္ဌ၊ ၁။ ၁၃၁။ သာရတ္ထ၊ ၃။ ၃၈၃။ ယင်းပုဂ္ဂိုလ်သည် သာဝတ္ထိအနီး သာရဝါန၌ မွေးဖွားသည်။ သူ့ဖခင်၏အမည်မှာ မင်္ခလိဖြစ်၍ မိခင်မှာ ဘဒ္ဒါဖြစ်သည်။ သူ့ဖခင်မှာ မင်္ခ=အရုပ်ကားရောင်းချသူ,နွားများစွာမွေးသူ,နွားများစွာပိုင်ဆိုင်သူဖြစ်၍ သားဖြစ်သူကို ဂေါသာလမင်္ခလိပုတ္တဟု ခေါ်သည်ဟူသော ဥဗာသကဒသာအိုခေါ် ဂျိန်းကျမ်းစာ၏ အဆိုကိုလည်းကောင်း၊ မစကရိ ()သာ ၎င်း၏အမည်ရင်းဖြစ်ဟန်တူသည်။ မစကရိ()=ဝါးတောင်ဝှေးကိုင်သူဟု ပါဏိနီဆရာ အနက်ဆိုသည်ဟူသော ဒေါက်တာဘရူးဝါး၏ အဆိုကိုလည်းကောင်း ဒီပီပီအန် ၌ ဖော်ပြထားသည်)။