Padhānasutta
padhānasutta:ပဓာနသုတ္တ(န)
[ပဓာန+သုတ္တ]
ပဓာနသုတ်၊ အားထုတ်မှု-ဝီရိယ-နှင့် စပ်လျဉ်း၍ ဟောပြရာသုတ်။ (က) ရှင်,ရဟန်းတို့အား ဆွမ်း,သင်္ကန်း,ကျောင်း,ဆေး ပစ္စည်း ၄-ပါး ထောက်ပံ့ပေးလှူခြင်းငှါ အိမ်ရာထောင်သူ လူတို့၏ အားထုတ်ခြင်း "ပဓာန"နှင့် အမြိုက်နိဗ္ဗာန်အကျိုးငှါ ရှင်,ရဟန်းတို့၏ အားထုတ်ခြင်း "ပဓာန" ၂-ပါးတွင် ရှင်ရဟန်းတို့၏ အားထုတ်ခြင်း "ပဓာန" ကသာလွန်မြင့်မြတ်ကြောင်း ဟောပြရာသုတ်။ (ခ) မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့ မဖြစ်ပေါ်ခြင်းငှါ,ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါအားထုတ်ခြင်းနှင့် မဖြစ်စေခြင်းငှါ,ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့ကို ပြန့်ပြောပွါးများစေခြင်းငှါ အားထုတ်ခြင်းဟူသော သမ္မပ္ပဓာန ၄-ပါးကို ဟောပြရာသုတ်။ (ဂ) မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့ မဖြစ်ပေါ်ခြင်းငှါ စောင့်စည်းအားထုတ်ခြင်း သံဝရပ္ပဓာန၊ ဖြစ်ပေါ်ပြီး အကုသိုလ်တရားတို့ကို ပယ်ခြင်းငှါ အားထုတ်ခြင်း ပဟာနပ္ပဓာန၊ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေခြင်းငှါ ပွါးများအားထုတ်ခြင်း ဘာဝနာပဓာန၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့ကို ပြန့်ပြောပွါးများစေခြင်းငှါ အားထုတ်ခြင်း အနုရက္ခဏပဓာန၊ ဤပဓာန ၄-ပါးတို့ကို ဟောပြရာသုတ်။ (ဃ) သီလနှင့် ပြည့်စုံခြင်း,အကြားအမြင်များခြင်း,ထက်သန်သော ဝီရိယရှိခြင်း,ဉာဏ်ပညာနှင့် ပြည့်စုံခြင်း၊ ဤ ၄-ပါးနှင့် ပြည့်စုံသော ရဟန်းသည် မချွတ်ယွင်းသော အကျင့် "အပဏ္ဏကပဋိပဒါ"ကို ကျင့်သည်မည်၏-ဟု ဟောပြရာ သုတ်။ (င) ဂန္ဓကုဋိ၌ နေတော်မူသော မြတ်စွာဘုရားသည် "ငါကား အမြိုက်နိဗ္ဗာန်ဟူသော ပဓာနကို တောင့်တလျက် ၆-နှစ်ပတ်လုံး ဒုက္ကရစရိယာ မဟာပဓာနအကျင့်ကို ပြုကျင့်ခဲ့ပြီ၊ ယနေ့ ထိုအမြိုက်နိဗ္ဗာန် ပဓာနကို ရဟန်းတို့အား ဟောကြားအံ့"ဟု ကြံတော်မူကာ ဟောပြရာသုတ်။