Pattakammasutta
pattakammasutta:ပတ္တကမ္မသုတ္တ(န)
[ပတ္တကမ္မ+သုတ္တ]
သင့်လျော်-လျောက်ပတ်-သော-အမှု-ကိစ္စ-၄မျိုးကို ဟောပြရာသုတ်။ ထကြွလုံ့လဝီရိယဖြင့် တရားသဖြင့် ရရှိအပ်သော စည်းစိမ်ဥစ္စာတို့ဖြင့်- (၁) မိမိကိုယ်,အမိ အဖ,သားမယား,အမှုလုပ် အစေအပါး,ဆွေမျိုးခင်ပွန်းတို့အား ချမ်းသာအောင် ဆောင်ရွက်ပေးခြင်း၊ (၂) မီး,ရေ,မင်း,ခိုးသူ,အမွေခံဆိုးဟူသော ရန်သူမျိုး ၅-ပါးတို့ကြောင့် ပျက်စီးခြင်းဘေးဆိုက်ရောက်သောအခါ ချမ်းသာအောင် ပြုလုပ်နိုင်ခြင်း၊ (၃) ဆွေမျိုး,ဧည့်သည်,သေပြီးသူ ဆွေမျိုး,လူမင်းနှင့် နတ်တို့အား ပြုလုပ်အပ်သော ပူဇော်မှု "ဗလိ" ၅-မျိုးကို ပြုလုပ်ပူဇော်ခြင်း၊ (၄) မာန်ယစ်ခြင်း,မေ့လျော့ခြင်းမှ ရှောင်ကြဉ်ကြသော သည်းခံခြင်း,ကောင်းသော အာရုံဝယ် မွေ့လျော်ခြင်းတို့၌ တည်ကြသော သမဏဗြာဟ္မဏတို့၌ မြတ်သော အလှူကို ဖြစ်စေခြင်း၊ ဤ ၄-ပါးတို့သည် သင့်လျော်လျောက်ပတ် ကောင်းမြတ်သော အမှု "ပတ္တကမ္မ"တို့ ဖြစ်သည်၊ ဤပတ္တကမ္မ ၄-ပါးတို့ဖြင့် ကုန်ခမ်းသွားသော စည်းစိမ်ဥစ္စာတို့ကို သင့်လျော်လျောက်ပတ်သော အကြောင်းအရာသို့ ရောက်သော သင့်လျော်သော အကြောင်းအားဖြင့် သုံးဆောင်အပ်သော စည်းစိမ်ဥစ္စာဟူ၍ ဆိုအပ်ကြောင်း ယင်းသုတ်၌ ဟောတော်မူသည်။