cakkavattivatta
cakkavattivatta:စက္ကဝတ္တိဝတ္တ(န)
[စက္ကဝတ္တီ+ဝတ္တ]
စကြဝတေးမင်းကျင့်ဝတ်။ (က) စကြဝတေးမင်းတို့သည် ကျင့်အပ်သောကျင့်ဝတ်။ (ခ) စကြဝတေးမင်းအဖြစ်ကို ဆောင်ယူနိုင်သော ကျင့်ဝတ်၊ စကြဝတေးမင်း ဖြစ်စေနိုင်သော ကျင့်ဝတ်။ (၁) သားမယားတို့ကို သီလစောင့်စေခြင်း,အဝတ်နံ့သာ ပန်းစသည်ပေးခြင်း,ခပ်သိမ်းသော ဘေးဥပဒ်မှ စောင့်ရှောက်ကာကွယ်ခြင်း,စစ်သည်ဗိုလ်ပါတို့အား ပေးမြဲဖြစ်သော အခါကာလကို မလွန်စေပဲ စားနပ်ရိက္ခာလစာမှန်မှန်ပေးကမ်း ချီးမြှောက်ခြင်း၊ (၂) အဘိသိက်သွန်းပြီးသော မင်းတို့အား ကောင်းမြတ်သော အာဇာနည်မြင်းစသော ရတနာတို့ကို ပေးကမ်းချီးမြှောက်ခြင်း၊ (၃) အဘိသိက် မသွန်းရသေးသော အရံမင်းတို့အား သင့်လျော်သော ယာဉ်ရထားဆင်မြင်းစသည် ပေးကမ်းချီးမြှောက်ခြင်း၊ (၄) ပုဏ္ဏားတို့အား ထမင်းအဖျော် အဝတ်စသောလှူဖွယ် ဝတ္ထုကို ပေးကမ်းလှူဒါန်းခြင်း၊ သူကြွယ်တို့အား စားနပ်ရိက္ခာ,မျိုးစေ့,ထွန်တုံး,ထွန်သွား,နွားလားစသည် ပေးကမ်းခြင်း၊ (၅) နိဂုံး,ဇနပုဒ်၌ နေထိုင်ကြသော သူတို့အား စားနပ်ရိက္ခာ,မျိုးစေ့,ထွန်တုံး,ထွန်သွား,နွားလားစသည် ပေးကမ်းခြင်း၊ (၆) ကိလေသာပယ်ပြီးသော သမဏဗြာဟ္မဏတို့အား ရဟန်းတို့၏ အသုံးအဆောင်ပရိက္ခရာတို့ဖြင့် လှူဒါန်း ပူဇော်ခြင်း၊ (၇) သားငှက်တို့ကို ဘေးမဲ့ပေးခြင်း၊ (၈) မတရားပြုခြင်းနှိပ်စက်ခြင်းတို့ကို တားမြစ်ပိတ်ပင်ခြင်း၊ (၉) မရှိဆင်းရဲဥစ္စာမွဲသောသူတို့အား ပစ္စည်းဥစ္စာပေးကမ်းခြင်း၊ (၁ဝ) ကိလေသာပယ်ပြီးသော သမဏဗြာဟ္မဏတို့ထံ ဆည်းကပ်ခစား၍ ရှောင်ကြဉ်အပ်,မှီဝဲအပ်,ပွါးများအပ်,ပြုကျင့်အပ်သော တရားများကို မေးမြန်းလျှောက်ထားခြင်းအားဖြင့် ၁ဝ-ပါး အပြားရှိသည်။ ထို ၁ဝ-ပါးတွင် သူကြွယ်နှင့် သားငှက်တို့ကို သီးခြားတစ်ပါးစီယူလျှင်လည်းကောင်း,အဓမ္မရာဂကို ပယ်ခြင်းနှင့် ဝိသမလောဘကို ပယ်ခြင်းကို ထည့်လျှင်လည်းကောင်း ၁၂-မျိုးပြားသေးသည်။